Saturday, February 8, 2014

ဒန္တသုခ



ဒန္တသုခ

Botanical Name : Scoparia dulcis Linn
Myanmar Name : ဒန္တသုခ
English Name : Sweet Broomweed
Family : SCROPHULARIACEAE


Distribution :
မြန်မာနိုင်ငံ အနှံ့အပြားနှင့် ဂျပန်ပြည်၊ အိန္ဒိယပြည်၊ တရုတ်ပြည်၊ ဘရာဇီး နိုင်ငံနှင့် ထိုင်းနိုင်ငံ များတွင် ပေါက်ရောက် ကြပါသည်။ အစေ့ကျရာ နေရာများတွင် သဘာဝ အလျောက် ပေါက်ရောက်သည်။

Appearance :
ဖြောင့်မတ်သော ပင်ပျော့၊ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁ ပေမှ ၃ ပေခန့်အထိ ရှိသည်။ ပင်စည် သေးငယ်သော်လည်း အရင်းပိုင်းတွင် အပွေး အနည်းငယ်ရှိ၍ မာကြောသည်။ ပင်စည်ရင်း နားမှစ၍ ကိုင်းများ ဖြာထွက်သည်။ မြက်ပင်များနှင့် ရောနှော ပေါက်တက်သည်။ အစိမ်းရောင် ၃ ရွက်ဆိုင် အရွက်လေးများ ဖြစ်ပြီး အကြောလေးများ ထင်ရှားကာ အရွက် အလျား ၁ လက်မခန့် သာ ရှည်ပြီး ထိပ်ဖျားချွန်သည်။ အဖြူရောင် သေးငယ်သည့် အပွင့်ကလေးများ ပွင့်သည်။ သေးငယ် လုံးဝန်းသော အခန်း ၄ ခန်း ပါရှိသည့် အက်ကွဲသီးလေးများ ဖြစ်သည်။ မာကြော၍ အနည်းငယ် တုတ်သော ရေသောက်မြစ်မှာ ရှည်လျားသောကြောင့် မြေကြီးမှ နှုတ်ရ အလွန်ခက်သည်။ ၎င်းရေသောက်မြစ်မှ ဘေးမြစ်များ၊ မြစ်မွှာကလေးများ ဖြာထွက်လျက် ရှိသည်။ ညိုနုရောင် အမြစ်များ ဖြစ်ပါသည်။

Useful Part : ပဉ္စငါးပါး

Usage :
ဒန္တသုခ ပြုတ်ရည်ကို ငုံထွေးခြင်းဖြင့် သွားကျောက်တည်ခြင်းနှင့် သွားဖုံးရောင်ခြင်းကို သက်သာ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိရသည်။ သွားကိုက် ရောဂါ များတွင်လည်း ၎င်း ဒန္တသုခ ပဉ္စငါးပါး ပြုတ်ရည်ကို ငုံထွေးပြုလုပ်ခြင်းဖြင့် သက်သာပါသည်။ ဒန္တသုခ ဆေးပင်ကို အဖျားရောဂါ အမျိုးမျိုးတွင်လည်းကောင်း၊ အဆုတ်နှင့် ပတ်သက်သည့် ရောဂါများတွင် လည်းကောင်း၊ အကိုက်အခဲ နာကျင်ခြင်း များတွင် လည်းကောင်း၊ ဆီးချို ရောဂါနှင့် ၎င်းမှ ဖြစ်သော အနာများကို သက်သာ စေရန် လည်းကောင်း၊ အမျိုးသမီး မီးယပ်နှင့် ပတ်သက်သည့် ရောဂါများတွင် လည်းကောင်း သက်သာ ပျောက်ကင်းနိုင်သည်။ အနာရောဂါ အမျိုးမျိုး အတွက် အရွက် အရိုးများကို ထုထောင်း၍ အုံပေးခြင်းဖြင့် အနာများကို ပျောက်ကင်း စေပါသည်။မိန်းမ ဓမ္မတာ အဖြူဆင်းသော ရောဂါများတွင် ဒန္တသုခ ပဉ္စငါးပါး ၅ ကျပ်သားကို နူတ်နူတ်ဆင်း၍ ရေ ၅၀ ကျပ်သားနှင့် သုံးခွက် တစ်ခွက်တင် ကျိုသောက်ခြင်းဖြင့် ပျောက်ကင်းနိုင်သည်။ ကျောက်ကပ် ရောင်ခြင်းကြောင့် ဖြစ်သည့် ဆီးနီခြင်း၊ ဆီးအောင့်ခြင်း၊ ခါးနာခြင်း စသည့် ရောဂါများအတွက် ပဉ္စငါးပါးအား အခြောက်ခံ၍ ရေနွေးကြမ်းကဲ့သို့ သုံးစွဲပေးခြင်းဖြင့် ၎င်းရောဂါများ သက်သာ ပျောက်ကင်းနိုင်ပါသည်။

0 comments:

Post a Comment

အေးမေတ္တာ
တိုင်းရင်း ဆေးဆိုင်
ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။