Saturday, February 8, 2014

ကရမတ်





ကရမတ် ကရမတ် ကရမတ် ကရမတ်

Botanical Name : Mansonia gagei Drummond
Myanmar Name : ကရမတ်
English Name : Bustard Sandalwood
Family : STERCULIACEAE


Distribution :
တနသာင်္ရီမြို့ဟောင်းမှ မိုင် ၁၀၀ ခန့်ဝေးသော ထိုင်းနိုင်ငံနယ်စပ် နယ်နိမိတ် တစ်လျှောက်ရှိ တောင်ကုန်းများပေါ်တွင် အမြဲစိမ်းလန်းသော သစ်တောများ ပေါက်ရောက်သည်။ သဘာဝ အလျောက် အလေ့ကျပေါက်သည်။ ဥယျာဉ်ခြံများဖြင့် စီးပွားဖြစ် စိုက်ပျိုးမှုများလည်း ရှိသည်။

Appearance :
အပင်ကြီးမျိုး ဖြစ်သည်။ အမြင့်ပေ ၄၀၊ လုံးပတ်မှာ ၃-၄ ပေရှိသည်။ အညိုရောင်ရှိ၍ မာကျောသော အနှစ်ပါရှိသည့် အပင်ဖြစ်သည်။ ယင်းအနှစ်သည် ခုတ်ပြီးစအချိန်တွင် အနံ့အသက် မကောင်းချေ။ သို့သော်လည်း သစ်တောများထဲတွင် ကြာမြင့်စွာ လဲနေသောအခါ အနံ့မွှေး၍ လာသည်။ သစ်သား၏ အခြေအနေမှာ စန္ဒကူးသားနှင့် တူသည်။အရွက်သည် သစ်ရွက်ကဲ့သို့ ကြီးထွား၏။ ရွက်လွှဲထွက်သည်။ ရွက်ပြားကြီး၍ ထီးပုံသဏ္ဍာန် ရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းပိုင်းသည် အောက်မျက်နှာပြင် ဖြူ၍ အမွှေးနုရှိပြီး ရွက်ကြော ထင်ရှားသည်။ အပေါ်မျက်နှာပြင် စိမ်း၍ ပြောင်ချောသည်။ အရွက်ညှာထိပ်မှ ရွက်ကြောဖြာသည်။ ရွက်နားဝိုက်၍ အတွန့်များ ရှိသည်။ အပွင့်ရှည်လျားသည်။ ညိုဝါရောင် ရှိသည်။ ကတ္တီပါ အမွှေးနုများ ပါရှိသည်။ အနံ့မွှေးသည်။ ပွင့်ညှာများ ပွင့်ကိုင်းပေါ်တွင် စုပြုံလျက်ရှိသည်။ ပွင့်ဖတ်သည် ပန်းခိုင်ဖုံးဖတ်ဖြစ်၍ အဖူးကို ဖုံးအုပ်ထားသည်။ ကြယ်ပုံ အမွှေးများ အပြင်ဘက်တွင် ရှိသည်။ ပွင့်ချပ် ၅ ချပ်ရှိ၍ သပ်သွားပုံ ဆောင်သည်။ အဖူးထဲတွင် ပွင့်ချပ်များသည် လိမ်တွန့်နေသည်။ သွယ်သော မခြေတံပေါ်တွင် ၀တ်ဆံဖို ၁၀ ခုရှိသည်။ အစေ့အိမ်ခန်းများနှင့် ၀တ်ဆံဖိုများကြားတွင် ပွင့်ချပ်နှင့်တူသော ၀တ်ဆံဖိုမြုံ ၅ ခုရှိသည်။ အစေ့အိမ်ခန်း ၅ ခုရှိ၍ ၀တ်ဆံဖိုများနှင့် တလှည့်ဆီ ဖြစ်သည်။ အစေ့လောင်း ၅-၉ ခုရှိသည်။ အတောင့်ပါသီး ဖြစ်၍ ၁ လက်မခန့် ရှည်သည်။ အစေ့တစ်ခုတည်းသာ ရှိသည်။ ရင့်သောအခါ အက်ကွဲ၏။

Useful Part : အမြစ်၊ အသား၊ အပွင့်။

Usage :
နံ့သာနီ၊ နံ့သာဖြူ၊ အကျော်၊ စမ္ပာ၊ ကရမတ်ဟု နံ့သာမျိုး ငါးပါးကို ပေါင်းစုံ အသုံးပြုရာတွင် ပါဝင်သော နံ့သာမျိုးဖြစ်သည်။ နံ့သာမျိုး ဆိုသည့်အတိုင်း အနှစ်အသား မွှေးရမယ်ဖြစ်သည်။ အပင်တိုင်း မမွှေးချေ။ လူသတ် နတ်သတ်ဟူ၍ နှစ်မျိုးရှိရာတွင် နတ်သတ်ဟူသည် ကြီးသောအခါမှ အလိုလို သေသွားသော အပင်ကို ခေါ်သည်။ ထိုအပင်မျိုး၏ အနှစ်အသား သာလျှင် မွှေး၏။ သွေး၍ လိမ်းခြင်းဖြင့် လည်းကောင်း၊ သောက်ခြင်းဖြင့် လည်းကောင်း သလိပ်ကြေစေပြီး နှလုံးရောဂါ၊ ဆီးရောဂါ၊ ညောင်းကျရောဂါများ ပျောက်ကင်း၏။ သွေးလိမ်းခြင့်ဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်းကို ပျောက်၏။ အပူလွန်သော သည်းခြေနာများကို နိုင်၏။ အမွှေးနံ့သာအဖြစ် မြန်မာပြည်တွင် အများဆုံးအသုံးပြုသည်။ ထို့ကြောင့် မိန်းမတို့အသက်-ကရမတ်ဟု အဆိုရှိသည်။ ကရမတ်မှာ မြိတ်ကရမတ်သည် နာမည်အကြီးဆုံး ဖြစ်သည်။ ကရမတ်ကို သည်းခြေဆေး၊ သွေးဆေးများတွင် အသုံးပြုသည်။ အပြင်လိမ်းဆေး များနှင့်လည်း အပွင့်လိုလျှင် ကရမတ်နှင့် သွေး၍ လိမ်းရန် ညွှန်ကြား ကြသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ် ၁၅၊ သည်းခြေဆေးတွင် ဖော်စပ်ထားပါသည်။

0 comments:

Post a Comment

အေးမေတ္တာ
တိုင်းရင်း ဆေးဆိုင်
ဗဟိုဈေး မိထ္တီလာမြို့ မှကြိုဆိုပါ၏။။။။။